သက်သေခံဥပဒေ သက်သေခံများအရေးပါပုံ
အခန်း (၁) သက်သေများ၏ သဘောသဘာဝများ နှင့် အဓိပ္ပာယ် သက်သေများ၏ သဘောသဘာဝ အမှုများစစ်ဆေးစီရင်ရာတွင် အငြင်းထွက်သော အကြောင်းခြင်းရာများကို နှုတ်သက်သေ ခံချက်ဖြင့်ဖြစ်စေ၊ စာတမ်း အမှတ်အသား သက်သေခံချက်ဖြင့်ဖြစ်စေ နှစ်ရပ်စလုံး ဖြင့်ဖြစ်စေ အထောက်ထားပြနိုင်သည်။ နှုတ်သက်သေခံချက်ပေးသူများမှာ သက်သေများဖြစ်ပါသည်။ သက်သေခံဥပဒေပုဒ်မ ၁၁၈၌ ပြဠာန်းထားသည်မှာ မည်သူမဆိုသက်သေခံနိုင်ခွင့်ရှိသည်ဟူ၍ ဖြစ် သောကြောင့် မည်သူမဆို အသက်ရွယ်မရွေး၊ လူမျိုးမရွေး၊ ဘာသာမရွေး၊ယောက်ျား မိန်းမ မရွေး သက်သေခံနိုင်ခွင့်ရှိသည်။ သို့သော် ပုဒ်မ ၁၁၈ တွင်ပင် တစ်စုံတစ်ယောက်သောသူသည် အသက် အရွယ်နုနယ်သဖြင့်လည်းကောင်း၊ အလွန်အိုမင်းသဖြင့်လည်းကောင်း၊ ကိုယ်ခန္ဓာ ရောဂါစွဲကပ်နေ သဖြင့် လည်းကောင်း၊ မေးခွန်းများကို နားမလည်နိုင်သည့်အပြင် ၎င်းမေးထားချက်ကို အကြောင်းနှင့် ဆီလျော်အောင် စဉ်းစား ဆင်ခြင်နိုင်သော အဖြေ မဖြေနိုင်ဟု ယူဆရန်ရှိသူများကို သက်သေအဖြစ် အစစ်ဆေးခံခြင်း မပြုနိုင်ကြောင်း ဆက်လက်၍ ပြဠာန်းထားပါသည်။ ၁.၁ သက်သေများ၏အဓိပ္ပာယ် အမှုများ စစ်ဆေးစီရင်ရာတွင် အငြင်းထွက်သော အကြောင်းခြင်းရာများကို နှုတ်သတ်သေ ခံချက်ဖ...