သက်သေခံဥပဒေ သက်သေခံများအရေးပါပုံ
အခန်း
(၁)
သက်သေများ၏
သဘောသဘာဝများ နှင့် အဓိပ္ပာယ်
သက်သေများ၏ သဘောသဘာဝ
အမှုများစစ်ဆေးစီရင်ရာတွင်
အငြင်းထွက်သော အကြောင်းခြင်းရာများကို နှုတ်သက်သေ ခံချက်ဖြင့်ဖြစ်စေ၊ စာတမ်း
အမှတ်အသား သက်သေခံချက်ဖြင့်ဖြစ်စေ နှစ်ရပ်စလုံး ဖြင့်ဖြစ်စေ အထောက်ထားပြနိုင်သည်။
နှုတ်သက်သေခံချက်ပေးသူများမှာ သက်သေများဖြစ်ပါသည်။ သက်သေခံဥပဒေပုဒ်မ ၁၁၈၌ ပြဠာန်းထားသည်မှာ
မည်သူမဆိုသက်သေခံနိုင်ခွင့်ရှိသည်ဟူ၍ ဖြစ် သောကြောင့် မည်သူမဆို အသက်ရွယ်မရွေး၊
လူမျိုးမရွေး၊ ဘာသာမရွေး၊ယောက်ျား မိန်းမ မရွေး သက်သေခံနိုင်ခွင့်ရှိသည်။ သို့သော်
ပုဒ်မ ၁၁၈ တွင်ပင် တစ်စုံတစ်ယောက်သောသူသည် အသက် အရွယ်နုနယ်သဖြင့်လည်းကောင်း၊
အလွန်အိုမင်းသဖြင့်လည်းကောင်း၊ ကိုယ်ခန္ဓာ ရောဂါစွဲကပ်နေ သဖြင့် လည်းကောင်း၊
မေးခွန်းများကို နားမလည်နိုင်သည့်အပြင် ၎င်းမေးထားချက်ကို အကြောင်းနှင့်
ဆီလျော်အောင် စဉ်းစား ဆင်ခြင်နိုင်သော အဖြေ မဖြေနိုင်ဟု ယူဆရန်ရှိသူများကို
သက်သေအဖြစ် အစစ်ဆေးခံခြင်း မပြုနိုင်ကြောင်း ဆက်လက်၍ ပြဠာန်းထားပါသည်။
၁.၁ သက်သေများ၏အဓိပ္ပာယ်
အမှုများ
စစ်ဆေးစီရင်ရာတွင် အငြင်းထွက်သော အကြောင်းခြင်းရာများကို နှုတ်သတ်သေ ခံချက်ဖြင့်
ဖြစ်စေ၊ စာတမ်းအမှတ်အသား သက်သေခံချက်ဖြင့်ဖြစ်စေ နှစ်ရပ်စလုံးဖြင့်ဖြစ်စေ
အထောက်ထားပြနိုင်သည်။ နှုတ်သတ်သေခံချက်ပေးသူများမှာ သက်သေများဖြစ်ပါသည်။
သက်သေခံဥပဒေပုဒ်မ ၁၁၈၌ ပြဌာန်းထားသည်မျာ မည်သူမဆို သက်သေခံနိုင်ခွင့်ရှိသည် ဟူ၍
ဖြစ်သောကြောင့် မည်သူမဆို အသက်ရွယ်မရွေး၊ လူမျိုးမရွေး၊ ဘာသာမရွေး၊ ယောက်ျား၊
မိန်းမ မရွေး သက်သေခံနိုင်ခွင့်ရှိသည်။ သို့သော် ပုဒ်မ၁၁၈တွင်ပင်
တစ်စုံတစ်ယောက်သောသူသည် အသက်အရွယ်အနုနယ်သဖြင့်လည်းကောင်း၊
အလွန်အိုမင်းသဖြင့်လည်းကောင်း၊ ကိုယ်ခန္ဓာရောဂါ စွဲကပ်နေသဖြင့်လည်းကောင်း၊
မေးခွန်းများကို နားမလည်နိုင်သည့်အပြင် ၎င်းမေးထားချက်ကို
အကြောင်းနှင့်ဆီလျော်အောင် စဥ်းစားဆင်ခြင်နိုင်သော အဖြေမဖြေနိုင်ဟူ ယူဆရန်ရှိသူများကို
သက်သေအဖြစ်စစ်ဆေးခံခြင်း မပြုနိုင်ကြောင်း ဆက်လက်၍ ပြဌာန်းထားသည်။
၁.၂ သက်သေအမျိုးအစားများ
သက်သေအမျိုးအစားများကို
အောက်ပါအတိုင်း အမျိုးအစားခွဲခြားထားပါသည်။ ၎င်းတို့မှာ-
(1) သက်သေခံနိုင်
(က) ရူးသွပ်သူ
(ခ) ကလေးသက်သေ
(2) ဆွံ့အစကားမပြောနိုင်သောသက်သေများ
(3) လင်မယားသက်သေ
(4) ဆွေမျိုးသက်သေ
(5) ကြံရာပါသက်သေ
(6) ထောင်ဖမ်းသည့်သက်သေ
၁.၂.၁ သက်သေခံနိုင်သူ
လူတဦးသည် မေးမြန်းချက်ကို
နားလည်နိုင်လျှင် သို့မဟုတ် အကြောင်းအားလျော်ညီစွာ ဖြေဆိုနိုင်လျှင် ထိုသူသည်
တရားရုံး၌ သက်သေခံနိုင်သည်။ သက်သေခံနိုင်သူတစ်ဦးကို သာမန်အားဖြင့် တရားရုံးမှ
သက်သေခံရန် အတင်းအကြပ် ပြုနိုင်သည်။ သို့ရာတွင် သက်သေခံနိုင်သူ တဦးကို အတင်းအကြပ် သက်သေခံရန်
မပြုနိုင်သည့် ခြွင်းချက်များရှိပေသည်။ ဥပမာအားဖြင့် နိုင်ငံခြားနိုင်ငံ၏ အကြီးအကဲများ၊
သံအမတ်များကို အတင်းအကြပ် သက်သေခံရန်မပြုနိုင်ပါ။ သက်သေခံရန် အတင်းအကြပ်
ပြုလုပ်နိုင်စေကာမူ သက်သေကို အချို့သော မေးခွန်းများအား မေးမြန်းခြင်းမပြုနိုင်ပါ။
ပုဒ်မ ၁၂၁နှင့် ၁၃၂အထိတို့သည် ယင်းမေးခွန်းများနှင့် ပတ်သက်သည်။
ထို့ပြင်သက်သေခံနိုင်သူတိုင်း၏ ထွက်ချက်သည် သက်သေခံဝင်သည် သို့မဟုတ် ဥပမာတဆင့်ကြား
စကားကိုထွက်သော ထွက်ဆိုချက်၊ တရားခံက ရဲအရာရှိထံ၌ပေးသောဖြောင့်ချက်သည် သက်သေခံ
ဝင်မည် မဟုတ်ပါ။ တရားခံနှစ်ဦးအား တရားစွဲဆိုသည့်အမှုတွင် တရားရှင်
လွှတ်သောတရားခံသည် ယင်းအမှုတွင် သက်သေခံနိုင်သူဖြစ်သည်။[1]
အသက်အရွယ်လွန်နုနယ်ခြင်းကြောင့်သော်လည်းကောင်း၊
အသက်အရွယ်အလွန်အိုမင်းခြင်း ကြောင့်သော်လည်းကောင်၊ ရူးသွပ်ခြင်း၊
သတိမရအောင်မူးယစ်ခြင်း၊ ဒဏ်များအပြင်းအထန်းရ၍ ကောင်းစွာ သတိမရခြင်းစသည့်
ကိုယ်စိတ်နှစ်ပါးအနက် တပါးပါး၌ ရောဂါကပ်စွဲခြင်းကြောင့် သော်လည်းကောင်း
မေးမြန်းချက်ကို နားမလည်နိုင်ဟုသော်လည်းကောင်း၊ အကြောင်းအားလျော်စွာ
ဖြေဆိုခြင်းမပြုနိုင်ဟုသော်လည်းကောင်း ယူဆရန် အကြောင်းရှိလျှင်
သက်သေခံနိုင်ခြင်းမရှိနိုင်ပါ။
၁.၂.၁(က) ရူးသွပ်သူ
ဤပုဒ်မ၏ရှင်းလင်းချက်အရ ရူးသွပ်သောသူသည်
စိတ်ကောင်းဝင်နေချိန်တွင် မေးမြန်းချက်ကို နားလည်ပြီး အကြောင်းအားလျော်စွာ
ဖြေဆိုနိုင်ပါမူ သက်သေအဖြစ် အစစ်ခံနိုင် သည်။ အဓိက စဥ်းစားရမည့်ပြဿနာမှာ ယင်းသည်
မေးမြန်းသောမေးခွန်းကို နားလည်သဘော ပေါက်ခြင်းရှိမရှိ၊ အကြောင်းအားလျော်စွာ
ဖြေဆိုနိုင်ခြင်းရှိမရှိပင် ဖြစ်ပါသည်။ နားလည်သဘော ပေါက်ခြင်းမရှိ၊ ရေရေလည်လည်
ဖြေဆိုနိုင်ခြင်းမရှိပါမူ သက်သေမခံနိုင်ဟု ဆုံးဖြတ်ရမည်ဖြစ်သည်။
၁.၂.၁(ခ) ကလေးသက်သေ
အသက်အရွယ်နုနယ်သည့်
ကလေးများကို သက်သေထုသည့်အခါ သက်သေအဖြစ် စစ်ဆေးခြင်းမပြုမီ သင့်တော်သည့်
ပဏာမမေးခွန်းများကိုမေး၍ မေးမြန်းသည့် မေးခွန်းများကို နားလည် သလောဆိုလျှင် အဖြေများကို
မိမိအသက်အရွယ်အလျောက် သာမန်လူများကဲ့သို့ ဖြေဆိုနိုင်ပါသလောဟု
စဥ်းစားဆုံးဖြတ်ရသည်။ ယင်းသို့မေးမြန်းဆုံးဖြတ်ကြောင်းကို ပေါ်လွင်အောင် အမှုတွဲတွင်
တနည်းနည်းဖြင့် ဆောင်ရွက်ထားရမည်။ သို့မှသာ အယူခံရုံးက အသက်အရွယ် နုနယ်သည့်
သက်သေသည် သက်သေခံဥပဒေပုဒ်မ ၁၁၈အရ သက်သေခံနိုင်လောက်သူ ဟုတ်မဟုတ်
ချိန်ဆနိုင်မည်ဖြစ်သည်။[2]
သက်သေတဦးသည် အသက်ပင်ငယ်ရွယ်သော်လည်း အသိဉာဏ်နှင့် ပြည့်စုံပြီး အမှုတွင်
ပေါ်ပေါက်နေသော အကြောင်းခြင်းရာများအရ လိမ်လည်ထွက်ဆိုရန် အကြောင်းမရှိပါက
ယင်း၏ထွက်ဆိုချက်ကို လက်မခံနိုင်စရာ အကြောင်းမရှိ၊ သို့ရာတွင် အသက်အရွယ်နုနယ်သည့်
ကလေးသူငယ်သက်သေများသည် မသမာသူတို့က လုပ်ကြံသင်ကြား ထားသည့်အတိုင်း
ယုံလွယ်မှတ်လွယ်ကြသောကြောင့် ယင်းသက်သေထွက်ချက်မျိုးကို သတိကြီးစွာ ဖြင့်
ချင့်ချိန်ရသည်။[3]
၁.၂.၂ ဆွံ့အစကားမပြောနိုင်သောသက်သေများ
စကားမပြောနိုင်သည့်
သက်သေသည် စာတတ်သူဖြစ်ပါက စာရေးသား၍ သက်သေ ထွက်ဆိုစေခြင်းသည် အမူအရာဖြင့်
ထွက်ဆိုသည်ထက်ပို၍ စိတ်ချရသည်။ စာမတတ်မှသာ အမူအရာပြသ၍ သက်သေထွက်ဆိုစေရမည်ဖြစ်သည်။ စကားမပြောနိုင်သည့်
သက်သေသည် သက်သေခံနိုင်သူ ဖြစ်ရန်လိုသည်။ သို့ဖြစ်ရာ မေးခွန်းကို နားမလည်နိုင်သည့်
သို့မဟုတ် အကြောင်းအား လျော်စွာ ဖြေဆိုခြင်းမပြုနိုင်သည့် စကားမပြောနိုင်သူသည်
သက်သေခံခြင်း မပြုနိုင်ပါ။
သက်သေခံဥပဒေပုဒ်မ
၁၁၉တွင် ဆွံ့အသူများကို သက်သေအဖြစ်စစ်ဆေးရာ၌ စာဖြင့် ရေးသား၍ ဖြစ်စေ၊
လက်ဟန်ခြေဟန်အမူအရာပြ၍ဖြစ်စေ စစ်ဆေးနိုင်းကြောင်း ပြဌာန်းချက်ရှိသည်။ မခင်စန်းမြင့်မှာ
စာမတတ်သူတစ်ဦးဖြစ်၍ လက်ဟန်အမူအရာဖြင့်သာ စစ်ဆေးရန်ရှိပေသည်။ ထိုသို့ စစ်ဆေးရာတွင်
မခင်သန်းမြင့်သည် ကမ္ဘာအရပ်ရပ်မှ လက်ခံထားသော ဆွံ့အနားမကြားသူများနှင့် ပတ်သက်သော
သင်္ကေတသဘောများ နားလည်သူမဟုတ်၍ ၎င်းနှင့် အကျွမ်းတဝင်ဖြစ်ပြီး အမူအရာ ဖြင့် အမဲဆက်ဆံပြေဆိုလေ့ရှိသူများနှင့်
စစ်ဆေးခြင်းဖြင့် အမှန်တရားကို ပိုမို၍အလွယ်တကူ ဖော်ထုတ်နိုင်မည်လည်း ဖြစ်ပေသည်။
သက်သေအဖြစ်စစ်ဆေးရာတွင် အကျွမ်းတဝင်ရှိသူနှင့် စစ်ဆေးခြင်းအား
လက်ခံခြင်းပြုနိုင်သည်။[4]
၁.၂.၃ လင်မယားသက်သေ
တရားမမှုတွင်
အမှုသည်များမှစ၍ ၎င်းအမှုသည်တို့အနက် တစ်ဦး၏လင် သို့မဟုတ် မယားတို့မှာ
သက်သေခံနိုင်ခွင့်ရှိသည်။ တစ်စုံတစ်ယောက်သောသူကို ပြစ်မှုကြောင်စွဲဆိုသည့်အခါ တွင်
ထိုသူ၏လင်ဖြစ်သူ သို့မဟုတ် မယားဖြစ်သူတို့သည် သက်သေခံနိုင်ခွင့်ရှိသည် ဟူ၍ သက်သေခံ
ဥပဒေပုဒ်မ ၁၂၀တွင် ဖော်ပြထားသည်။
ထို့ကြောင့် တရားမမှုများတွင်
အမှုသည်၏ ခင်ပွန်း သို့မဟုတ် ဇနီးများသည် သက်သေခံ ပိုင်ခွင့်ရှိသည်။ ဇနီး
သို့မဟုတ် ခင်ပွန်းသည်များ သက်သေခံချက်ကို တရားရုံးက လက်ခံရမည်။ ထို့အတူ
ပြစ်မှုများတွင်လည်း တရားစွဲဆိုခြင်းခံရသော သူ၏ ခင်ပွန်း သို့မဟုတ် ဇနီး၏ သက်သေ
ခံချက်သည်လည်း သက်သေခံဝင်ကြောင်းတွေ့ရပါသည်။ သက်သေသည် တိုင်တန်းသူ၏ မယား
ဖြစ်သည်ဟုဆိုကာ သက်သေထွက်ဆိုချက်ကို မပယ်သင့်ကြောင်း တွေ့ရပါသည်။
သက်သေခံဥပဒေ ပုဒ်မ ၁၂၂တွင်
လင်ဖြစ်သူနှင့် မယားဖြစ်သူတို့သည် ၎င်းကိုထိမ်းမြား လက်ထပ်ပေါင်းသင်းနေစဥ်
အချိန်ကာလအတွင်းက တစ်ဦးနှင့် တစ်ဦးပြောကြားချက်များကို သက်သေခံခွင့်မရှိစေရပါ။
သို့ရာတွင် ပြောကြားသူက သဘောတူညီသည်ဖြစ်စေ လင်မယား အချင်းချင်းဖြစ်ပွားသော
တရားမမှုတွင်ဖြစ်စေ တစ်ဦးကတစ်ဦးကို စွဲဆိုသော ပြစ်မှုဆိုင်ရာ မှုခင်းဖြစ်စေ
၎င်းတို့စပ်ကြားပြောဆိုချက်ကို သက်သေခံတင်ပြခွင့်ရှိသည်ဟူ၍ ပြဌာန်းထားသည်။
၁.၂.၄ ဆွေမျိုးသက်သေ
ဆွေမျိုးသက်သေများ၏
သက်သေခံချက်များကို သက်သေခံမဝင်နှင့် ပတ်သက်၍ သက်သေခံဥပဒေတွင်
ပြဌာန်းထားခြင်းမရှိပါ။ ပြစ်မှုဆိုင်ရာမှုခင်းများတွင် သက်သေများသည်
စွပ်စွဲသူနှင့် ဆွေမျိုးတော်စပ်သည့် အကြောင်းကြောင့် သက်သေတို့၏ ထွက်ဆိုချက်ကို
လက်မခံရဟူ သော တားမြစ်သည့် ဥပဒေမရှိချေ။ သက်သေတစ်ဦးအား ယုံကြည်သင့်မသင့်ဆိုသော ပြဿနာနှင့်
ပတ်သက်၍ ထိုသက်သေသည် အမှုဖြစ်ပွားပုံကို တွေ့မြင်နိုင်ရန် အကြောင်းရှိမရှိ
ကွယ်ထောင့် လိမ်လည်၍ ထွက်ဆိုရန်အကြောင်းရှိမရှိ၊ ၎င်း၏ ထွက်ချက်သည်
အမှုဖြစ်အကြောင်းခြင်းရာများနှင့် ဆီလျော်ခြင်း ရှိမရှိသည့် အချက်အလက်များအပေါ်
မူတည်၍ အဆုံးအဖြတ်ပြုရမည်ဖြစ်သည်။[5]
ထို့ကြောင့်
စွပ်စွဲသူနှင့် ဆွေမျိုးတော်စပ်ခြင်းသည် သက်သေ၏ ထွက်ချက်တန်ဖိုးကို
မယုတ်လျော့စေနိုင်ပါ။ သက်သေသည် အခင်းဖြစ်ပွားသည့် နေရာတွင် တွေ့မြင်နိုင်သည့်
ပုဂ္ဂိုလ်များ ဖြစ်၍ အခင်းဖြစ်ပွားစဥ်က ရှိသည်ဆိုခြင်းကို တရားခံက
မငြင်းဆိုခဲ့ချေ။ သက်သေကို အပြန်အလှန် မေးမြန်းစမ်းသပ်ချက်ကို
ခံနိုင်ရည်ရှိသည့်အပြင် အမှန်တိုင်း ထွက်ဆိုပုံပေါ်ပါက ထိုသို့သော သက်သေများသည်
အချင်းချင်းဆွေမျိုးမတော်စပ်သည်ကို အကြောင်းပြု၍ ၎င်းတို့၏ ထွက်ဆိုချက်ကို
ယုံကြည်မှုမရှိသင့်ချေ။ ဆိုလိုသည်မှာ သက်သေများသည် ယုံကြည်သင့်မသင့် ဆင်ခြင်ရာ၌
ထိုသက်သေတို့ သမာဓိ၊ ၎င်းတို့၏ စွမ်းရည်၊ သက်သေ၏ထွက်ချက်သည် အမှုနှင့်
ဆီလျော်အပ်စပ် ခြင်းရှိမရှိ၊ သဘာဝယုတ္တိရှိမရှိ သက်သေသည် လိမ်လည်ထွက်ဆိုရန်
အကြောင်းရှိမရှိစသည်တို့ကို ထည့်သွင်း စဥ်းစားရသည်။ သက်သေများသည် အချင်းချင်း
ဆွေမျိုးတော်စပ်သည် အမှုသည်နှင့် ဆွေမျိုးတော်စပ်သည်တို့ကို စီစစ်ရန် မဟုတ်ပါ။
ထို့ကြောင့် ဆွေမျိုးတော်စပ်သည့် သက်သေများ သည် သက်သေခံချက်
ပေးခွင့်ရှိကြောင်းတွေ့ရသည်။
၁.၂.၅ ကြံရာပါသက်သေ
ကြံရာပါတစ်ဦးသည်
တရားခံတစ်ဦးအပေါ်တွင် သက်သေခံနိုင်သူဖြစ်သည်။ ထိုသူ၏ အစစ်ခံချက်မှာ ထောက်ခံချက်
မရှိသော်လည်း တရားခံအပေါ်တွင် ပြစ်ဒဏ်စီရင်လျှင် တရားဥပဒေ နှင့်
ဆန့်ကျင်ခြင်းမရှိကြောင်း သက်သေခံဥပဒေပုဒ်မ-၁၃၃တွင် ပြဌာန်းထားသည်။
သက်သေခံဥပဒေပုဒ်မ ၁၃၃ အရ
ကြံရာပါတစ်ဦး၏ ထွက်ဆိုချက်မှာ ထောက်ခံချက်မရှိသော် လည်း တရားခံအပေါ်
ပြစ်ဒဏ်စီရင်နိုင်သည်ဟု ဖော်ပြထား၍ ပုဒ်မ ၁၄၄(ဥပမာ-ခ) တွင် ကြံရာပါ တစ်ဦး၏ ထွက်ဆိုချက်မှာ
အရေးကြီးသောအချက်များတွင် ထောင်ခံချက် မရှိလျှင် ယုံကြည်ခြင်း မရှိဟု
မှတ်ယူနိုင်ကြောင်း ဖော်ပြထားသည်။
ကြံရာပါဆိုသော စကားရပ်ကို
သက်သေခံဥပဒေတွင် အဓိပ္ပာယ်ဖွင့်ဆိုထားခြင်းမရှိပေ။ စီရင်ထုံးများတွင်မူ
ကြံရာပါနှင့် စပ်လျဉ်း၍ဖော်ပြထားသည်။
သက်သေတစ်ဦးယောက်သည်
ကြံရာပါသူမှာပြစ်မှု ကျူးလွန်ရာတွင် ပါဝင်သူတစ်ဦးဖြစ်သည် သို့မဟုတ်
အခြားတရားခံများနှင့် ပူးတွဲတရားစွဲဆိုခြင်းခံထိုက်သူတစ်ဦး ဖြစ်သည်ဟူ၍ ဖော်ပြထား သည်။[6]
ကြံရာပါတို့သည်
အခင်းဖြစ်ပွါးသော ပြစ်မှုနှင့် တစ်နည်းနည်းဖြင့်ဆက်စပ်နေသူတို့ ဖြစ်ပေ သည်။[7]
မည်သို့ဆိုစေ
ကြံရာပါဟုတ်မဟုတ်ဆိုသည်ကို ဆုံးဖြတ်ရာမှာ အမှုတစ်မှုစီ၏ အကြောင်းခြင်း ရာ ပြဿနာဖြစ်၍
ပြစ်မှုတစ်ခုစီ၏ ပြစ်မှုသဘောသဘာဝ နှင့်ပတ်သက်၍ သုံးသပ်ရသော အကြောင်းခြင်းရာများအပေါ်၌တည်ရှိသည်။
အောက်ပါတို့မှာ
ကြံရာပါများဖြစ်ကြသည်။
(1) လူသတ်မှုဖြစ်ပွားရာတွင်
ရှိပြီး အလောင်းပျက်ရာတွင် ကူညီသူ
(2) လူသတ်ရာတွင်
ပါဝင်သူ
(3) လူသတ်သမားတို့ကို
စိတ်ဓါတ်ရေးရာ မြှင့် တင်ပေးရန်နှင့် လိုအပ်လျှင် အကူအညီပေးရန်
အသင့်စောင့်ဆိုင်းနေသများ
(4) အကောက်မဲ့ပစ္စည်းကို
ခိုးသွင်းရာ၌ ပူးပေါင်းကြံစည်သူ မဟုတ်သော်လည်း အကောက်ဌာနမှ အရာရှိတို့အား ပစ္စည်းကို
ယူခွင့်ပြုရန် သွေးဆောာင်သူ
(5) တစ်ဖက်သား၏
အတင်းအကျပ် တောင်းဆိုခြင်းကြောင့် မဟုတ်ဘဲ အလိုအလျှောက် လာဘ်ငွေကို
သွားပေးသူတို့သည် ကြံရာပါများ ဖြစ်ကြသည်။
အောက်ပါတို့မှာ
ကြံရာပါများ မဟုတ်ကြပါ။
(1) လာဘ်ငွေကို
မပေးချင်ဘဲပေးရသူ
(2) ထောင်ဖမ်းသက်သေ
(3) ကွန်မြူနစ်ပါတီဝင်
သို့မဟုတ်ဘဲ ထိုပါတီက ဖွဲ့စည်းပေးသော ကျေးရွာကော်မတီတွင် အတင်းအကျပ် ဆောင်ရွက်ရသူ
(4) ယစ်မျိုးဥပဒေအရ
အပြစ်ပေးနိုင်ရန် အရက်ပုန်းကိုငယ်သူ
(5) ပြစ်မှုကျူးလွန်ခြင်းမပြုမီ
ပြစ်မှုလွန်သူကျူးလွန်သူများနှင့် စကားပြောမိသူတို့မှာ ကြံရာပါ မဟုတ်ကြပါ။
ထို့အတူအမှုကျူးလွန်ခြင်းကို ဖော်ထုတ်ရန်အတွက် သို့မဟုတ် ကျူးလွန်သူကို
ဖမ်းဆီးမိရန်အတွက် ရဲအဖွဲ့ဝင်၏ သူယုံသို့မဟုတ် ထောင်ဖမ်းဆီးသူမှာ ကြံရာပါသူများ
မဟုတ်ကြပါ။
၁.၂.၆ ထောင်ဖမ်းသည့်သက်သေ
ထောင်ဖမ်းသည့်သက်သေဆိုသည်မှာ
ထောင်ဖမ်းခြင်းမျိုး၌ ပါဝင်ကြသော သက်သေများ ဖြစ်ပြီး ၎င်းတို့ကိုလည်း
ကြံရာပါသူများဟု သတ်မှတ်ခြင်းမပြုနိုင်ချေ။ ထောင်ဖမ်းသော သက်သေ၏ ထွက်ဆိုချက်ကို
လေးလေးနက်နက် ချိန်ဆရန်လိုအပ်ပါသည်။
လာဘ်ငွေကို
တောင်းသူကတောင်းသဖြင့် တောင်းခံသူက သက်ဆိုင်ရာသို့ သွားရောက် တိုင်တန်းလျှင်ကား
ထိုသို့တိုင်တန်းသူကို ကြံရာပါဟု မဆိုနိုင်ပေ။ ဤအမှုမှာကဲ့သို့
ထောင်ဖမ်းခြင်းမျိုး ၌ ပါဝင်ကြသော သက်သေများကိုလည်း ကြံရာပါသူများဟု
သတ်မှတ်ခြင်းမပြုနိုင်ပါ။ မာရားလီဆယ်၍ တိုင်တန်းခြင်း၊ အမှုဆင်ခြင်းမျိုးကို
အထူးသတိထားရသော်လည်း လာဘ်ပေး လာဘ်ယူမှုမျိုး၌ လာဘ်တောင်းခြင်းကိစ္စ
အမှန်ကိုတိုင်ကြားခြင်း ဖြစ်သည်ဟု ယုံကြည်ရလျှင် တာဝန်ရှိသောအဖွဲ့က ထောင်၍ဖမ်းသော
ပရိယာယ်ကို သုံးသည်မှလွဲ၍ လက်ပူးလက်ကြပ်မိရန် နည်းလမ်းရှာဖွေရန် ခဲယဥ်းပေသည်။
ထိုသို့ဆောင်ရွက်ကြသော တာဝန်ရှိသူများကသာလျှင် ဥပဒေစည်းကမ်းနှင့်
အညီမျှတမှန်ကန်စွာ လုပ်ကိုင်၍ မှန်သည့်အတိုင်း ရုံးတွင် ထွက်ဆိုရန်လိုအပ် ပါသည်။[8]
အခန်း (၂)
သက်သေများ၏တန်ဖိုး
တရားစီရင်ရေးတွင်
သက်သေများ၏တန်ဖိုးသည် အမှုတစ်ခုကိုဆုံးဖြတ်ရာတွင် အလွန်အရေး ပါသည်။ သက်သေများသည်
အမှုနှင့်သက်ဆိုင်သော အချက်အလက်များကို တင်ပြပေးခြင်းဖြင့် တရားသူကြီး သို့မဟုတ်
ဂျူရီလူကြီးများအား အမှန်တရားကို ရှာဖွေရာတွင် အထေကာက်အကူပြု ပါသည်။
သက်သေများး၏ တန်ဖိုးကို
အကဲဖြတ်ရာတွင် တရားရုံးသည် အချက်များစွာကို ထည်သွင်း စဥ်းစားရပါသည်။ ၎င်းတို့တွင် -
(1)
သက်သေများ၏
ယုံကြည်စိတ်ချရမှု
သက်သေသည်
အမှန်အတိုင်းပြေဆိုနေခြင်းရှိမရှိ သို့မဟုတ်တစ်စုံတစ်ခုကို ဖုံးကွယ်ရန်
ကြိုးစားနေခြင်းရှိမရှိကို တရားရုံးက စစ်ဆေးသည်။
(2)
သက်သေ၏ အတွေ့အကြုံနှင့်
အသိပညာ
သက်သေသည်
အမှုနှင့်ပတ်သက်သော အချက်အလက်များကို နားလည်ရန်နှင့် မှန်ကန်စွာ တင်ပြရန်အတွက်
လုံလောက်သော အတွေ့အကြုံများနှင့် အသိပညာရှိမရှိကို တရားရုံးက ထည်သွင်း စဥ်းစားရပါသည်။
(3)
သက်သေ၏ အပြုအမူ
သက်သေသည်
တရားရုံးတွင် သက်သေထွက်ဆိုစဥ် မည်သို့ပြုမူသည်ကို တရားရုံးက သတိထားရပါသည်။
အထက်ဖော်ပြပါ
အချက်များအပြင် တရားရုံးသည် အမှုနှင့်သက်ဆိုင်သော အခြားအချက် အလက်များကိုလည်း
ထည့်သွင်းစဥ်းစားပြီး သက်သေများ၏ တန်ဖိုးကို အကဲဖြတ်သည်။
တရားစီရင်ရေးတွင်
သက်သေများသည် အမှုတစ်ခုကို ဆုံးဖြတ်ရာတွင် အရေးပါသော အခန်း ကဏ္ဍမှတ်များသည်
အမြဲတမ်းမှန်ကန်သည်ဟု မဆိုနိုင်ပါ။ ထို့ကြောင့်တရားရုံးသည် သက်သေများ၏
ပြောဆိုချက်များကို သေချာစွာ စစ်ဆေးပြီးမှ အမှုကို ဆုံးဖြတ်သင့်ပါသည်။
၂.၁ အဓိကအရေးပါသော
သက်သေများ
သက်သေခံဥပဒေအရ သက်သေတစ်ဦး၏
တန်ဖိုးသည်အလွန်အရေးကြီးလှပါသည်။ တရားရုံး ရှေ့မှောက်၌ တရားလိုဘက်သက်သေ၊ တရားခံဘက်သက်သေ၊
ရုံးခေါ်သက်သေ စသည်ဖြင့် အမျိုးမျိုး ထွက်ဆိုနိုင်ပါသည်။ ထို့အတူ
သက်သေအမျိုးမျိုးကို စစ်မေးနိုင်ပါသေးသည်။ အမှုအကြောင်း ဘာသိသလဲ။ သိသူမည်သူမဆို
သက်သေဖြစ်နိုင်ပေသည်။ သက်သေထွက်ချက်ကို အခြေခံ၍ အမှုမှန်သည်၊ အမှုမှားသည်ကို
တရားသူကြီးက ဆုံးဖြတ်ခြင်း မဟုတ်ပါလား။
ကလေးသက်သေ
သက်သေသည်
ကလေးဖြစ်နေတတ်ပါသည်။ လူကြီးမဟုတ်သဖြင့် မေးရမြန်းရ ခက်ခဲတတ်ပါသည်။
ကလေးဖြစ်ခြင်းကြောင့် တရားရုံးက ပဏာမမေးခွန်း များ စမ်းသပ်မေးတတ်ပါသည်။
အရည်အသွေးကြိုတင် သိချင်သည့် သဘောဖြစ်ပါသည်။ မေးခွန်း နားလည်ပြီး အကျိုးအကြောင်း
ဆီလျော်စွာ ဖြေနိုင်လျှင် သက်သေ ခံနိုင်ကြောင်း သက်သေခံဥပဒေက
ခွင့်ပြုပါသည်။အသက်ငယ်သော ကလေး သက်သေပင် ဖြစ်လင့်ကစား လိမ်လည်ထွက်ဆိုရန် အကြောင်း
မရှိလျှင်၎င်း၏ ထွက်ချက်ကို လက်ခံသင့်သည်။ သို့ရာ တွင်အသက်အရွယ် ငယ်ရွယ်နုနယ် သူများကို
မသမာသူများက လုပ်ကြံသင်ကြားပေးတတ်သည်ကိုလည်း သတိပြုသင့်ပါသည်။
ရူးသွပ်သက်သေ
သက်သေခံဥပဒေပုဒ်မ (၁၁၈)
ကို ရည်ညွှန်းပါ သည်။ ရူးသွပ်သူအနေဖြင့် သက်သေခံနိုင်မည်မဟုတ်ချေ။
စိတ်ကောင်းဝင်နေသော အချိန်တွင် စစ်မေးခြင်း ကိုမူ စဉ်းစားသင့်သည်။ သက်ဆိုင်ရာ
ဆရာဝန်၏ စစ်ဆေးအတည်ပြုချက်ဖြင့် သက်သေခံနိုင်သော အခြေ အနေတွင် (မဖြစ်မနေသုံးသင့်က)
စစ်မေးရန် ရှိပေမည်။
ဆွံ့အနားမကြားသက်သေ
ဆွံ့အနားမကြားသော
သက်သေများကိုလည်း လိုအပ်ပါက စစ်ဆေးနိုင်ပေသည်။ တရားရုံးရှေ့သို့ ခေါ်ဆောင်လာပြီး
စာရေးပြခြင်း၊ နားလည်နိုင်သော အမူအရာ အရိပ်အမြွက် ပြုလုပ်သက်သေခံစေခြင်း စသည်ဖြင့်
စစ်မေးနိုင်မည်။ သက်သေခံဥပဒေပုဒ်မ ၁၁၉ ကို ရည်ညွှန်းပါသည်။
လင်နှင့်မယားသက်သေ
လင်နှင့်
မယားတော်စပ်နေသောကြောင့် တစ်ဦး သည် အခြားတစ်ဦးအတွက် သက်သေမခံနိုင်ဟု
ကန့်သတ်ချက်မတွေ့ရပါ။ သက်သေခံဥပဒေပုဒ်မ ၁၂၀ အရ တရားမမှုများတွင် အမှုသည်တို့၏
လင်(သို့)မယားသည် သက်သေခံနိုင်သည်။ ပြစ်မှုများတွင်လည်း ထိုကဲ့သို့ပင်
သက်သေခံနိုင်ပေသည်။ လူ့သဘာဝအရ ဘက်လိုက်မှု ရှိနိုင်သည်။ ယုံထိုက်၊
မယုံထိုက်ကိုမူတရားသူကြီးက စဉ်းစား သုံးသပ်သင့်ပေသည်။
ဆွေမျိုးတော်စပ်သူသက်သေ
ဥပဒေအရ တားမြစ်ခြင်းမရှိ။
သို့သော် ဆွေမျိုး တော်စပ်ခြင်းကြောင့် ယုံကြည်ရန်သင့်၊ မသင့်ကိုအမှုတစ်မှု
ချင်းအလိုက် သုံးသပ်သင့်ပါသည်။ အမှုနှင့်ဆီလျော်အပ်စပ်ပါသလား။ ထွက်ချက်က မည်သို့လဲ
မည်သို့ ဆွေမျိုးတော်စပ်သလဲ။ ဘက်စုံကြည့်၍ သုံးသပ်သင့်ပါသည်။
ကြံရာပါသက်သေ (Accomplice)
ကြံရာပါဆိုသည်မှာ
ပြစ်မှုကျူးလွန်ရာ တွင် အတူပါဝင်သူကိုဆိုသည်။ ထောင်ဖမ်းသော သက်သေသည် ကြံရာပါ
မဟုတ်။ ကြံရာပါ တစ်ဦးသည် ကျန်တရားခံတစ်ဦးအပေါ်တွင် သက်သေခံနိုင်သည်။
သက်သေခံ ဥပဒေပုဒ်မ ၁၃၃
တွင်-
ပြစ်မှုကျူးလွန်ရာ တွင်
အတူပါဝင်သူ (သို့) ကြံရာ ပါတစ်ဦးသည် ကျန်တရားခံ တစ်ဦးအပေါ်တွင်
သက်သေခံနိုင်သူဖြစ်စေရမည်။ ၎င်း၏ထွက်ဆိုချက်တစ်ခုတည်းဖြင့် ကျန်တရားခံ များကို
ပြစ်မှုထင်ရှား စီရင်ခြင်းမှာလည်း မတရားဖြစ်စေသည်မဟုတ်ကြောင်း ပြဋ္ဌာန်းထားပေသည်။
ကြံရာပါ၏ ထွက်ဆိုချက် တစ်ခုတည်းဖြင့် တရားခံများကို
ပြစ်မှုထင်ရှားစီရင်ခဲ့သောစီရင်ထုံးများ ရှိပေသည်။ ထောက်ခံထွက်ဆိုချက် များရှိပါလျှင်
ကြံရာပါ၏ ထွက်ချက်မှာ ပိုမို၍ တန်ဖိုးရှိပေသည်။ တရားရုံး၏ ဆင်ခြင်တုံတရားက
အဓိကကျသည်မှာ ယုံမှားဖွယ်မရှိချေ။
စီရင်ခဲ့သောစီရင်ထုံးများ
ရှိပေသည်။ ထောက်ခံထွက်ဆိုချက် များရှိပါလျှင် ကြံရာပါ၏ ထွက်ချက်မှာ
ပိုမို၍တန်ဖိုးရှိပေသည်။ တရားရုံး၏ ဆင်ခြင်တုံတရားက အဓိကကျသည်မှာ
ယုံမှားဖွယ်မရှိချေ။
အကျင့်မကောင်းသူ
သက်သေသည်
အကျင့်မကောင်းသူဖြစ်၍ မမှန်မကန် ထွက်ဆိုလိမ့်မည်ဟု သံသယမကင်း ဖြစ်တတ်သည်။
ယုတ္တိတန်သော အချက်အလက်များ ပါဝင်ပြီး ထင်ရှားသော အထောက်အထား ပေါ်လွင်လျှင်
ယင်းထွက်ဆိုချက်ကို သင်သေခံအဖြစ် ထည့်သွင်းစဉ်းစား ရမည်သာ ဖြစ်ကြောင်း
စီရင်ထုံးတစ်စောင်တွင် ဖော်ပြသည်။
ကြုံကြိုက်သက်သေ
ကြုံကြိုက်သက်သေတိုင်း
မမှန်သက်သေဟု မဆိုနိုင်ပါ။ စနစ်တကျစိစစ်ရန် လိုအပ်မည် ဖြစ်သည်။ အလွယ်တကူ
ပြသတတ်သည်ကိုလည်း သတိမူသင့်သည်။
သက်သေအရေအတွက်
သက်သေခံဥပဒေပုဒ်မ ၁၃၄ အရ
မည်သည့်အမှု တွင်မဆို အကြောင်းခြင်းရာတစ်ခုကို ထင်ရှားစေရန်အတွက် သက်သေအရေအတွက်
မည်ရွေ့မည်မျှ ပြသရ မည်ဟု ကန့်သတ်ထားခြင်း မရှိပါ။ အရေအတွက်ထက် အရည်အချင်းက ပို၍
အရေးကြီးပါသည်။
သက်သေ၏ အရည်အချင်း
သက်သေအရေအတွက်ထက် သက်သေ၏
အရည်အချင်းက ပို၍ အရေးကြီးပါသည်။ သက်သေ၏ ထွက်ချက် အနှစ်သာရများက တန်ဖိုးရှိပါသည်။
တရား ရုံးက ချိန်ဆပါသည်။ လွတ်လပ်သော သက်သေ၊ ထောက်ခံချက် ရှိသောသက်သေ စသည်ဖြင့်
အရည်အချင်းပြည့်စုံသော သက်သေများကိုဆိုလိုပါသည်။ လူသတ်မှုတစ်မှုတွင်
မျက်မြင်သက်သေတစ်ဦးတည်း၏ ထွက်ချက် ဖြင့် တရားခံအား အပြစ်ပေးနိုင်/
မပေးနိုင်ထည့်သွင်း စဉ်းစားရခြင်းမျိုး ရှိပေသည်။တစ်ဦးတည်း၏ ထွက်ချက်သည်
ခိုင်လုံပါသလား။ စိတ်ချရပါသလား။ ဤသို့ စဉ်းစားသုံးသပ် ဆုံးဖြတ်ခဲ့ပေသည်။
သံသယအကျိုး
သံသယဖြစ်ထိုက်သော
ထွက်ချက်ကို သေချာစွာ ချိန်ဆသင့်ပါသည်။ သံသယကို ဘယ်သူ့အားပေးမည်လဲ။ သံသယအကျိုးကို
မည်သူခံစားထိုက်ပါသလဲ။ သံသယအကျိုးကို တရားခံသာ ခံစားထိုက်ပါသည်။ တရားခံအား
အပြစ်မပေးသင့်ပါ။
၂.၂ သက်သေများ၏
အရေးပါပုံ
သက်သေများသည်
တရားစီရင်ရေးတွင် အလွန်အရေးပါပေသည်။ တရားရုံးများအနေဖြင့် အမှုတစ်ခုကို
ဆုံးဖြတ်ရာတွင် အမှန်တရားကို ရှာဖွေရန်နှင့် တရားမျှတမှုကို ဖော်ဆောင်ရန်အတွက်
သက်သေများ၏ သက်သေခံချက်များကို အသုံးပြုကြသည်။ သက်သေများ၏ အရေးပါပုံကို
အောက်ပါအတိုင်းဖော်ပြထားပါသည်။
(၁)
အချက်အလက်များကို ဖော်ထုတ်ခြင်း
(၂)
သက်သေခံချက်များပေးခြင်း
(၃)
အငြင်းပွားဖွယ်ရာများကို ဖြေရှင်းခြင်း
(၄)
တရားမျှတမှုကို ဖော်ဆောင်ခြင်း
(၁) အချက်အလက်များကိုဖော်ထုတ်ခြင်း
သက်သေများသည်
အမှုနှင့်သက်ဆိုင်သော အချက်အလက်များကို သိရှိထားသူများဖြစ်သည်။ ၎င်းတိုသည်
အမှုဖြစ်ပွားပုံ၊ အကြောင်းအရင်းပါဝင်သူများစသည့် အချက်အလက်များကို တရားရုံးသို့
တင်ပြပေးခြင်းဖြင့် အမှုကို စုံစမ်းရာတွင် အထောက်အကူပြုပါသည်။
(၂) သက်သေခံချက်များပေးခြင်း
သက်သေများသည် ၎င်းတို့၏
အတွေ့အကြုံ မြင်တွေ့မှုနှင့် သိရှိမှုများကို အခြေခံ၍ သက်သေ
ခံချက်များပေးနိုင်သည်။ ၎င်းတို့၏ သက်သေခံချက်များသည် အမှု၏ အမှန်တရားကို
ဖော်ထုတ်ရာ တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။
(၃) အငြင်းပွားဖွယ်ရာများကို ဖြေရှင်းခြင်း
အမှုတစ်ခုတွင် သက်သေများ၏
ပြောဆိုချက်များသည် တစ်ခါတစ်ရံကွဲလွဲမှုများ ရှိနိုင်သည်။ သို့သော် တရားရုံးသည်
သက်သေများ၏ သက်သေခံချက်များကို စေ့စပ်စွာ စစ်ဆေးခြင်းဖြင့်
အငြင်းပွားဖွယ်ရာများကို ဖြေရှင်းနိုင်ပါသည်။
(၄) တရားမျှတမှုကို ဖော်ဆောင်ခြင်း
သက်သေများသည် အမှုတွင်
ပါဝင်ပတ်သက်သူများမဟုတ်သော်လည်း အမှုတွင် ပါဝင် ပတ်သက်သူများ မဟုတ်သော်လည်း
အမှန်တရားကို ထုတ်ဖော်ပြောဆိုခြင်းဖြင့် တရားမျှတမှုကို ဖော်ဆောင်ရာတွင်
အထောက်အကူပြုပါသည်။
သို့သော် သက်သေများ၏
သက်သေခံချက်များသည် အမြဲတမ်းမှန်ကန်သည်ဟု မဆိုနိုင်ပါပေ။ သက်သေများသည်
မှားယွင်းသော အချက်အလက်များကို ပြောဆိုခြင်း၊ မေ့လျော့ခြင်း သို့မဟုတ်
တစ်စုံတစ်ခုကို ဖုံးကွယ်ရန် ကြိုးစားခြင်းများ ရှိနိုင်သည်။ ထို့ကြောင့်
တရားရုံးသည် သက်သေများ၏ သက်သေခံချက်များကို အခြားသက်သေအထောက်အထားများနှင့်
နှိုင်းယှဥ်စစ်ဆေးပြီးမှ အမှုကို ဆုံးဖြတ်သင့်ကြောင်း လေ့လာသိရှိရပါသည်။
သက်သေများသည်
တရားစီရင်ရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ ၎င်းတို့သည် အမှုနှင့်
သက်ဆိုင်သော အချက်အလက်များကို ဖော်ထုတ်ခြင်း၊ သက်သေခံချက်များ ပေးခြင်း၊ အငြင်းပွားဖွယ်ရာများကို
ဖြေရှင်းခြင်းနှင့် တရားမျှတမှုကို ဖော်ဆောင်ခြင်းတို့တွင် အထောက်အကူပြုပါသည်။
သို့သော် တရားရုံးသည် သက်သေများ၏ သက်သေခံချက်များကို သေချာစွာ စစ်ဆေးပြီးမှ
အမှုကို ဆုံးဖြတ်သင့်ပါကြောင်း လေ့လာတွေ့ရှိရပါသည်။
အခန်း
(၃)
သက်သေများ၏
ကွဲပြားခြားနားချက်များ
သက်သေခံအက်ဥပဒေတွင် မည်သူသည်
သက်သေခံနိုင်ခြင်းအကြောင်းနှင့်စပ်လျဉ်း၍ သက်သေခံ အက်ဥပဒေပုဒ်မ ၁၁၈ တွင်
အောက်ပါအတိုင်း ပြဋ္ဌာန်းထားပါသည်။
လူအားလုံးသည်
အသက်အရွယ်နုနယ်သဖြင့်လည်းကောင်း၊ အလွန်အိုမင်းသဖြင့် လည်းကောင်း၊ ကိုယ်ခန္ဓာရောဂါ၊
စိတ်ရောဂါကြောင့်သော်လည်းကောင်း သို့မဟုတ် အလားတူ အခြား အကြောင်းကြောင့်သော်လည်းကောင်း
မေးမြန်းသော မေးခွန်းများကို နားမလည်နိုင်ဟု သို့မဟုတ် မေးခွန်းများကို
အကြောင်းနှင့်လျော်ညီစွာ ဖြေဆိုနိုင်ခြင်းမရှိဟု တရားရုံးက ထင်မြင်သည်မဟုတ်လျှင်
သက်သေခံနိုင်သည်။
ရှင်းလင်းချက်
ရူးသွပ်သူသည်
ရူးသွပ်ခြင်းကြောင့် ၎င်းအား မေးသောမေးခွန်းကို နားမလည်နိုင်ခြင်းနှင့်
မေးခွန်းတို့ကို စဉ်းစားဆင်ခြင်နိုင်သော အဖြေကို ဖြေကြားခြင်း မပြုနိုင်လျှင်
သက်သေခံနိုင်မည် မဟုတ်ပါ။
မှတ်စု
သက်သေခံအက်ဥပဒေပုဒ်မ ၁၁၈
အရ မည်သူမဆိုသက်သေခံခွင့်ရှိသည်။ သို့ရာတွင် တစ်စုံတစ်ယောက်သောသူသည်-
(၁)
အသက်အရွယ်နုနယ်သဖြင့်လည်းကောင်း
(၂)
အလွန်အိုမင်းသဖြင့်လည်းကောင်း
(၃)
ကိုယ်ခန္ဓာရောဂါစွဲကပ်သဖြင့်လည်းကောင်း
(၄)
စိတ်ရောဂါစွဲကပ်သဖြင့်လည်းကောင်း
မေးခွန်းများကို
နားမလည်နိုင်လျှင်ဖြစ်စေ၊ အကြောင်းနှင့်လျော်ညီစွာ ဖြေဆိုနိုင်ခြင်း မရှိလျှင် ဖြစ်စေ
ထိုသူသည် သက်သေခံနိုင်ခွင့် မရှိချေ။
ရူးသွပ်သူသည်
မေးခွန်းကိုနားမလည်နိုင်လောက်အောင် သို့မဟုတ် အဖြေကိုကောင်းစွာ ဖြေကြားခြင်း
မပြုနိုင်လောက်အောင် ရူးသွပ်မှသာလျှင် သက်သေအဖြစ်အစစ်မခံနိုင်။ ထိုသို့မဟုတ် လျှင်
အစစ်ခံနိုင်သည်။
ကလေးသက်သေ
ကလေးသူငယ်များကို
သက်သေအဖြစ် မစစ်ဆေးမီ တရားရုံးက မေးမြန်း သည့်မေးခွန်းများကို နားလည်နိုင်ခြင်း
ရှိမရှိနှင့် အကြောင်းနှင့် လျော်ညီစွာ ဖြေဆိုနိုင်ခြင်း ရှိမရှိ ကို သိသာရန်အတွက်
တရားရုံးမှ စမ်းသပ်မေးမြန်းရမည်။ ကလေးသည် တရားရုံးမှမေးမြန်းသော မေးခွန်းများကို
နားလည်ကြောင်း အကြောင်းနှင့် လျော်ညီစွာ ဖြေဆိုနိုင်မည်ဖြစ်ကြောင်း ကျေနပ်မှသာ
ယင်းကဲ့သို့ တွေ့ရှိကြောင်း အမှုတွဲတွင် မှတ်တမ်းတင်ပြီးမှသာ ကလေးကိုသက်သေအဖြစ်
လက်ခံစစ်ဆေး ရမည်။
ကလေးသက်သေတစ်ဦးကို
စစ်ဆေးရသည်မှာ အလွန်ခက်ခဲကြောင်း နားလည်သိရှိစေလိုပါ သည်။ အသက်ငယ်ရွယ်လွန်းခြင်းကြောင့်
တရားရုံးက ပဏာမမေးခွန်းများကို မေးပြီး စမ်းသပ်ရပါ သည်။ စမ်းသပ်မေးခွန်းများဖြင့်
ကလေးသူငယ်က နားလည်မှသာ သက်သေအဖြစ်ဆက်လက် စစ်ဆေးရပါသည်။
သက်သေတစ်ဦးသည်
အသက်ပင်ငယ်ရွယ်သော်လည်း အသိဉာဏ်နှင့် ပြည့်စုံပြီး အမှုတွင် ပေါ်ပေါက်လျက်ရှိသော
အမှုဖြစ်ခြင်းရာများအရ လိမ်လည် ထွက်ဆိုရန် အကြောင်းမရှိက ၎င်း၏ ထွက်ဆိုချက်ကို
လက်မခံစရာအကြောင်းမရှိပေ။ သို့ရာတွင် အသက်အရွယ်နုနယ်သူ ကလေး သက်သေများသည် မသမာ
သူတို့က လုပ်ကြံကာ သင်ကြားထားသည့်အတိုင်း ယုံလွယ်မှတ်လွယ် သောကြောင့်
ယင်းထွက်ချက်မျိုးကို သတိကြီးစွာဖြင့် လက်ခံရမည်ဖြစ်ပေသည်။
အသက်အရွယ်ကြီးရင့် အိုမင်းမစွမ်း သက်သေ
အသက်အရွယ်ကြီးရင့်
အိုမင်းမစွမ်းသက်သေ၊ ကိုယ်စိတ်နှစ်ပါး တစ်ပါးပါးတွင် ရောဂါစွဲကပ် နေသော
သက်သေများသည်လည်း တရားရုံးက မေးမြန်းသော မေးခွန်းများကို အကြောင်းနှင့် လျော်ညီစွာ
ဖြေဆိုနိုင်လျှင် သက်သေခံနိုင်သည်ဟူ၍ သက်သေခံအက်ဥပဒေပုဒ်မ ၁၁၈ ၌ပင်
ပြဋ္ဌာန်းထားသည်။
ရူးသွပ်သက်သေ
ရူးသွပ်သူများသည်လည်း
စိတ်ကောင်းနေစဉ်အခါ တရားရုံးက မေးမြန်း သောမေးခွန်းများကို အကြောင်းနှင့်
လျော်ညီစွာ ဖြေဆိုနိုင်လျှင် သက်သေခံ နိုင်သည်။ သက်သေခံဥပဒေပုဒ်မ ၁၁၈ ၏
ရှင်းလင်းချက်တွင် ရူးသွပ်သူသည် ရူးသွပ်ခြင်းကြောင့် ၎င်းအားမေးသော မေးခွန်းကို
နားမလည်နိုင် ခြင်းနှင့် မေးခွန်းများကို စဉ်းစားဆင်ခြင်၍
ဖြေဆိုနိုင်ခြင်းမပြုနိုင်သူမဟုတ်လျှင် သက်သေ မခံနိုင်သည်မဟုတ်ပေဟူ၍ ဖော်ပြထားသည်။
ဆွံ့အ၊ နားမကြားသက်သေ
ဆွံ့အ၊
နားမကြားသူပင်ဖြစ်သော်လည်း သက်သေခံနိုင်သည်။ အဆိုပါ ပုဂ္ဂိုလ်များကို
သက်သေခံစေလိုပါက တရားရုံးရှေ့သို့ ခေါ်ဆောင်လာ၍ စာရေးပြခြင်းအားဖြင့်ဖြစ်စေ၊
၎င်းသူ နားလည်နိုင်သည့်အမူအရာ အရိပ်အမြွက်ပြုလုပ်ခြင်းအားဖြင့်ဖြစ်စေ
တရားရုံးရှေ့တွင် မေးမြန်း ရမည်ဖြစ်ပေသည်။ ဖြေဆိုနိုင်လျှင် သက်သေအဖြစ်
လက်ခံစစ်ဆေးနိုင်သည်။ ထိုသို့ဆွံ့အ၊ နားမကြား သူ၏ ထွက်ဆိုချက်ကို
နှုတ်သက်သေခံချက်ဟု မှတ်ယူရမည်ဖြစ်ကြောင်း သက်သေခံအက်ဥပဒေပုဒ်မ ၁၁၉ တွင်
ပြဋ္ဌာန်းထားသည်။
ဆွေမျိုးသက်သေ
သက်သေများသည်
စွပ်စွဲသူနှင့် ဆွေမျိုးတော်စပ်သည့်အကြောင်းကြောင့် သက်သေတို့၏ ထွက်ချက်ကို
လက်မခံရဆိုသော တားမြစ်သည့် ဥပဒေမရှိချေ။ သက်သေတစ်ဦးအား ယုံကြည်သင့်
မယုံကြည်သင့်ဆိုသော ပြဿနာနှင့် ပတ်သက်၍ ထိုသက်သေသည် အမှုဖြစ်ပွားပုံကို
တွေ့မြင်နိုင်ရန် အကြောင်းရှိမရှိ၊ ၎င်း၏ထွက်ဆိုချက်သည်
အမှုဖြစ်အကြောင်းခြင်းရာများနှင့် ဆီလျော်အပ်စပ်ခြင်းရှိ မရှိဆိုသည့်
အချက်အလက်များအပေါ်မူတည်၍ အဆုံးအဖြတ်ပြုရမည်ဟူ၍ စီရင်ထုံးများက ညွှန်ပြဆုံးဖြတ်
ထားသည်ကို လေ့လာနိုင်ပါသည်။
နိဂုံး
တရားမျှတမှုစနစ်အတွက်
သက်သေများသည် အခြေခံတစ်ခုဖြစ်ပြီး၊ အမှန်တရားကို ရှာဖွေရန်
အဓိကတက်ကြွစေသူများပင်ဖြစ်သည်။ ကလေးသက်သေမှ စ၍ ရူးသွပ်သူများ၊ ဆွေမျိုးများ၊
ထောင်ဖမ်းခံထားရသူများတိုင်အောင်၊ သက်သေများ၏ အမျိုးမျိုးသော အခန်းကဏ္ဍများမှ
ပေးပို့သော သက်သေအချက်အလက်များသည် အမှုစစ်ဆေးမှုများတွင် အရေးကြီးသော
အခန်းကဏ္ဍများ ပါဝင် ကြသည်။
သက်သေများ၏
ကွဲပြားခြားနားချက်များကို နားလည်ခြင်းဖြင့်၊ သက်သေများ၏ ယုံကြည်ရမှု နှင့် သက်သေအချက်အလက်များ၏
ကျယ်ပြန့်မှုကို ပိုမိုသိရှိနိုင်ပါသည်။ ဥပဒေစည်းကမ်းများနှင့်
စစ်ဆေးမှုစနစ်များတွင် သက်သေများ၏ အချက်အလက်များကို သေချာစွာ စိစစ်ရခြင်းသည်
အမှန်တရားကို ပိုမိုနီးကပ်စေပါသည်။ ထိုကြောင့် သက်သေများသည် တစ်စုံတစ်ခု၏
အဆုံးဖြတ်ချက် ကို သက်ရောက်စေသည့် အရေးကြီးသော ဥစ္စာတစ်ခုဖြစ်ကြောင်းကို
သေချာထားရမည်ဖြစ်သည်။
နောက်ထပ်စဉ်းစားရမည့်အချက်က
သက်သေများ၏ စိတ်ခံစားချက်များနှင့် လူမှုရေး အခြေအနေများပါ။ သက်သေများသည်
ကိုယ့်ရဲ့ သက်သေအချက်အလက်များကို ပေးပို့ရာတွင် စိတ်ဖိစီးမှုများ၊ ကြောက်ရွံ့မှုများ
ရှိနေနိုင်သည်။ ထို့ကြောင့် သူတို့၏အခြေအနေများကို အသိပညာရှိစွာနဲ့ ပေါင်းစပ်ပြီး
စိစစ်ခြင်းသည် လိုအပ်ပါသည်။
သက်သေများ၏ အရေးပါပုံကို
ပိုမိုနားလည်ရန်အတွက်၊ ဆက်စပ်သော နည်းပညာများနှင့် အစိုးရစနစ်များကိုလည်း
လေ့လာသင့်ပါသည်။ အနာဂတ်တွင် AI နည်းပညာများ၊
ဒစ်ဂျစ်တယ် သက်သေများနှင့် တီထွင်ဆန်းသစ်သော စနစ်များက သက်သေများ၏ အခန်းကဏ္ဍကို
ပြောင်းလဲ နိုင်ပါသည်။ ဒီလိုအချိန်ကြာမြင့်သည့် အရောက်အဖို့တွင်
စိတ်ဝင်စားဖွယ်ကောင်းသည့် အခမ်းအနား များ ရှိရမည်။
[1]
အောင်မင်းနှင့်အစိုးရ၊
အတွဲ ၄၊ အောက်မြန်မာပြည်စီရင်ထုံး၊ စာ-၃၆၂။
[2]
အဖတ်နှင့်အစိုးရ၊
၁၉၄၀၊ ရန်ကုန်စီရင်ထုံး၊ စာ-၁၀၄။
[3]
မောင်ဖြူနှင့်ပြည်ထောင်စု၊
၁၉၆၅၊ မြန်မာပြည်စီရင်ထုံး၊ စာ-၄၄၉။
[4]
မစန်းဦးနှင့်
ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်၊ မောင်သိန်းထွန်းပါ၃။
[6]
ပြည်ထောင်စုမြန်မာနိုင်ငံ
နှင့် အက်၊စ်ဂျေထရစ်ပတီး ၁၉၅၅ မ.တ.စ စာ-၃၂၀ (တရားလွတ်တော်ချုပ်)
[7]
ရာကွတ်နှင့်
အစိုးရ ၁၉၃၃၊ A.I.R.၊ (ရန်ကုန်)
စာ-၁၉၉
[8]
ဦးဘစီနှင့်ပြည်ထောင်စုမြန်မာနိုင်ငံ၊
၁၉၆၈၊ မ.တ.စ.၊ စာ-၆၆ (အထူးရာဇဝတ်ရုံး၊ အယူခံအဖွဲ့ )။



Comments
Post a Comment