သားသမီးမွေးစားခြင်းအကြောင်းတစ်စေ့တစ်စောင်း

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ သားသမီးမွေးစားခြင်းအကြောင်း တစ်စေ့တစ်စောင်း

    မိသားစုဝင်ဖြစ်မှုတွင် သွေးသားအရ မိသားစုဝင်ဖြစ်မှုနှင့် ဥပဒေအရ မိသားစုဝင်ဖြစ်မှုဟူ၍ နှစ်မျိုးရှိသည်။ သားသမီးမွေးစားခြင်းသည် ဥပဒေအရ မိသားစုဝင်ဖြစ်မှုတွင်ပါဝင်သည်။ သားသမီးမွေးစားခြင်းတွင် မွေးစားသားသမီးကို မွေးစားမိဘက ၎င်းတို့၏ အမွေကိုဆက်ခံရန် ရည်ရွယ်ချက်ရှိသည်။ သနားကရုဏာသက်သဖြင့် ပြုစုစောင်ရှောက်ခြင်းသည် မွေးစားခြင်းဟုဆိုရန်ခဲယဉ်းသည်။ မွေးစားခြင်းသည် မွေးစားမိဘနှင့်မွေးစားသားသမီးအကြား ဥပဒေအရ သွေးသာတော်စပ်ကြောင်း လူမှုရေးပဋိညာဉ်ပြုလုပ်ခြင်းဖြစ်သည်။ မွေးစားသားသမီး၏ အခွင့်အရေးပြဿနာသည် များသောအားဖြင့် မွေးစားသူမိဘသေဆုံးသည့်အခါမှသာ ပေါ်ပေါက်လာတတ်သည်။ မွေးစားသားသမီးအား ရှု့မြင်ရာတွင် သူစိမ်းသဖွယ် ရှု့မြင်၍မရ။ ဥပဒေသဘောအရပင်လျှင် သားသမီးရင်းသဖွယ် ရှု့မြင်ရသည်။ သားသမီးမရှိသောမွေးစားမိဘတို့၏ မွေးစားရခြင်း၏ ရည်ရွယ်ချက်တစ်မှာ ၎င်းတို့အိုမင်းမစွမ်းသည့်အခါ သားရင်းသမီးရင်းသဖွယ် ပြုစုလုပ်ကိုင်စေလိုခြင်းဖြစ်သည်။ ထိုအခါ ၎င်းတို့အကြား လူမှုဓလေ့စည်းကမ်းခေါ် ဓလေ့ထုံးတမ်းများဖြင့် တာဝန်နှင့် အခွင့်အရေးသက်မှတ်ရန် လိုအပ်လာပါသည်။ ထိုတာဝန်နှင့်အခွင့်အရေးများကို ဓလေ့ထုံးတမ်းတွင်လည်းကောာင်း သားသမီးမွေးစားမှုခိုင်မာတည်မြဲစေရန် တည်ဆဲဥပဒေဖြင့်လည်းကောင်း ပြဌာန်းကျင့်သုံးခဲ့ကြသည်။
    မြန်မာ့ဓလေ့ထုံးတမ်းအရ သားသမီးမွေးစားရာတွင် ကိတ္တိမ၊ အပတိဌ၊ ဆာတဘတ္တ၊ သဟောဍ္ဍဟူ၍ (၄)မျိုးရှိသည်။ ၎င်းတို့တွင် ကိတ္တိမမွေးစားခြင်းနှင့် အပတိဌမွေးစားခြင်းတို့သည် မွေးစားမိဘ၏ အမွေဆက်ခံပိုင်ဆိုင်ခွင့်ရှိသည်။ ဆာတဘတ္တမွေးစားခြင်းနှင့် သဟောဍ္မွေးစားခြင်းတို့တွင် မွေးစားမိဘ၏အမွေကိုဆက်ခံပိုင်ခွင့်မရှိပေ။
     မြန်မာ့ဓလေ့ထုံးတမ်းအရ သားသမီးမမွေးစားနိုင်သောသူများမှာ ရဟန်းတော်များ၊ အသက်(၁၈)နှစ်မပြည့်သောသူများ၊ စိတ်ပေါ့သွပ်သူများ၊ ဆွေမျိုးမတော်စပ်၊ လင်မယားမဟုတ်သူနှစ်ဦးပေါင်းစပ်၍ မမွေးစားနိုင်ပေ။ ရဟန်းတော်များ သားသမီးမမွေးစားနိုင်ဆိုသောအချက်ကို Ma Kyin Swein Vs Maung Kyin Htaik 1940, B.L.R. (783) စီရင်ထုံးတွင် ဖော်ပြထားပါသည်။ အသက်(၁၈)နှစ်မပြည့်သောသူများ သားသမီးမမွေးစားနိုင်ဆိုသောအချက်ကို Maung Mya Din Vs Maung Ye Gyi 4. B.L.J. 136 စီရင်ထုံးတွင် ဖော်ပြထားပါသည်။ စိတ်ပေါ့သွပ်သူများ သားသမီးမမွေးစားနိုင်ဆိုသောအချက်ကို ပဋိညာဉ်အက်ဥပဒေတွင် စိတ်ပေါ့သွပ်သူများသည် မှတ်ပုံတင်စာချုပ်မချုပ်ဆိုနိုင်ဟု ဖော်ပြထားပါသည်။ ဆွေမျိုးမတော်စပ်၊ လင်မယားမဟုတ်သူနှစ်ဦးပေါင်းစပ်၍ သားသမီးမမွေးစားနိုင်ဆိုသောအချက်ကို မအုန်းကြည်နှင့် မသောင်းမေ A.I.R 1929 YGN 173 စီရင်ထုံးတွင် ဖော်ပြထားပါသည်။
    သားသမီးမွေးစားမည်ဆိုလျှင် မွေးစားခံရမည့်ကလေးသည် အသက်(၁၈)နှစ်မပြည့်သေးသူဖြစ်ပါက ကလေး၏ မိရင်း၊ ဖရင်း(၂)ဦးစလုံး အသက်ရှိထင်ရှားရှိမည်ဆိုလျှင် မိရင်း၊ ဖရင်း(၂)ဦးလုံး၏ သဘောတူညီမှုကိုရရှိရမည်ဖြစ်ပါသည်။ အရွယ်ရောက်ပြီးသူတစ်ဦးအားမွေးစားမည်ဆိုလျှင် မွေးစားခံရသူ၏ သဘောတူညီမှုကိုပါရရှိရမည်ဟု မကြီးနှင့်မောင်ဖိုးသာ 14 L.B.R. 15 စီရင်ထုံးနှင့် လင်ကာဂင်နှင့်မစ္စစ်အိုင်းရစ်မောင်စိန် ၁၉၆၅ မ.တ.စ. စာ(၁၅) (လွှတ်တော်ချုပ်) စီရင်ထုံးတို့တွင် ဖော်ပြထားပါသည်။
    သားသမီးမွေးစားခြင်းကို ယောက်ျားဖြစ်သူကသော်လည်းကောင်း၊ မိန်းမဖြစ်သူကသော်လည်းကောင်း တစ်ဦးဦးကသဘောတူညီမှုမရှိလျှင် မွေးစားခြင်းကို မပြုနိုင်ဟူ၍ ဒေါ်လွမ််းနော့(ခ)ဒေါ်ကော့နှင့် ဦးမြသောင်း ၁၉၉၆ခုနှစ် တရားမအထူးအယူခံမှုအမှတ် (၅) စီရင်ထုံးတွင်ဖော်ပြ့ထားပါသည်။ 
    ‌၁၉၄၁ခုနှစ် ဧပြီလ (၁)ရက်နေ့မှစ၍ အမွေစားအမွေခံ ကိတ္တိမသားသမီးအဖြစ် မွေးစားမည်ဆိုပါက ကိတ္တိမမွေးစားခြင်းမှတ်ပုံတင်စာချုပ်ပြုလုပ်ချုပ်ဆို မွေးစားမှသာတရားဝင်မည်ဖြစ်ပါသည်။ ထိုသို့ ကိတ္တိမမွေးစားခြင်းမှတ်ပုံတင်ဥပဒေအရ မွေးစားခြင်းသည်လည်း မြန်မာဓလေ့ထုံးတမ်းဥပဒေကို လိုက်နာကျင့်သုံးသည့် ဗုဒ္ဓဘာသာဝင်များက ကိတ္တိမသားသမိးမွေးစားခြင်းနှင့်သာ သက်ဆိုင်ပါသည်။ ကိတ္တိမသားသမီးအဖြစ် မွေးစားရာတွင်လည်း မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနှင့်အညီ အမွေဆက်ခံရန် အတိအလင်းရည်ရွယ်ချက်ဖြင့် မွေးစားရမည်ဖြစ်ပါသည်။ ထိုသို့ ကိတ္တိမမွေးစားခြင်းမှတ်ပုံတင်စာချုပ်ချုပ်ဆိုရန်အတွက် မွေးစားမည့်ကလေး၏ မိဘများသည် မိရင်း၊ ဖရင်းဖြစ်ကြောင်းကို မိဘများ၏ လက်ထပ်စာချုပ်ရှိလျှင် လက်ထပ်စာချုပ်ကို သက်သေခံအဖြစ်တင်ပြနိုင်သည်။ လင်မယားနှစ်ဦးအတူပြုလုပ်ထားသည့် အိမ်ထောင်စုဇယားကိုလည်း သက်သေခံတင်ပြနိုင်ပါသည်။ ထိုကဲ့သို့အထောက်အထားမျိုး မရှိပါက တရားရုံးများတွင် မိရင်း၊ ဖရင်းနှစ်ဦးက လင်မယားဖြစ်ကြောင်းကျမ်းကျိန်လွှာပြုလုပ်ရပါမည်။ မွေးစားမည့်သူမှာ အိမ်ထောင်မရှိသော အပျိုကြီး၊ လူပျိုကြီးများဖြစ်လျှင် ၎င်းတို့အိမ်ထောင်မရှိကြောင်း အပျိုကြီး၊ လူပျိုကြီးများဖြစ်ကြောင်း ကျမ်းကျိန်လွှာပြုလုပ်ရပါမည်။ ကျမ်းကျိန်လွှာကို မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေအရ ၁၅ဝိ/-ကျပ်ကို ထမ်းဆောင်ရပါသည်။ ကိတ္တိမသားသမီးမွေးစားခြင်းစာချုပ်ကိုချုပ်ဆိုရာတွင်လည်း မြန်မာနိုင်ငံံံံံံံံံံံံံတံဆိပ်ခေါင်းခွန်အက်ဥပဒေ အမှတ်စဉ်(၃၀)အရ ကိတ္တိမမွေးစားခြင်းစာချုပ်ကို ၁၅ဝိ/-ကျပ််ထမ်းဆောင်ရပါသည်။ ကိတ္တိမမွေးစားခြင်းကို စာချုပ်စာတမ်းးမှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်အရာရှိရှေ့တွင် ချုပ်ဆိုရပါသည်။ ကိတ္တိမမွေးစားခြင်းစာချုပ်ချုပ်ဆိုရာတွင် အနည်းဆုံးအသိသက်သေ(၂)ဦးက လက်မှတ်ရေးထိုးမှသာ တရားဝင်မည်ဖြစ်ပါသည်ဟု ကိတ္တမမွေးစားခြင်းမှတ်ပု့တင်အက်ဥပဒေပုဒ်မ၅(၂)တွင်် အတိအလင်းပြဌာန်းထားပါသည်။ အသိသက်သေများကလည်း စာချုပ်ချုပ်ဆိုသူများ၏ ရှေ့မှောက်တွင််လည်းကောင်း၊ ချုပ်ဆိုသူများကလည်း အသိသက်သေများရှေ့မှောက်တွင်လည်းကောင်း လက်မှတ်ရေးထိုးချုပ်ဆိုရပါမည်။
 အထက်ဖော်ပြပါအချက်တို့သည် မြန်မာဓလေ့ထုံးတမ်းအရ ကိတ္တိမသားသမီးမွေးစားရာတွင် လိုက်နာကျင့်သုံးကြခြင်းဖြစ်ပါသည်။ အထက်ပါအချက်များအား ဖတ်ရှု့ခြင်းဖြင့် သားသမိးမွေးစားခြင်းပြုုလုပ်ရာတွင် အသုံးပြုသည့် တည်ဆဲဥပဒေသတ်မတ်ချက်နှင့် လုပ်ထုံးလုပ်နည်းများကို သိရှိနိုင်မည့်အပြင် တည်မြဲခိုင်မာ၍ တရားဝင်သည့် ကိတ္တိမမွေးစားစာချုပ်ချုပ်ဆိုနိုင်မည်ဖြစ်သည်။ 

သာယာတဲ့နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေ။

#AdminteamofLKS           

Comments

Popular Posts